တစ်ခါက ဆိတ် တွေကို ထိန်းကျောင်းတဲ့ ဆိတ်ကျောင်းသားလေးတစ်ယောက်ရှိတယ်။ သူဟာဆိတ်ကျောင်းရင်း
မြက်ရိတ်ရတယ်။ အပြန်မှာ ရိတ်လို့ရလာတဲ့ မြက်တွေကိုရောင်းရတယ်။
တစ်ခါမှာတော့ သူ့မှာ သိပ်ခေါင်းမာတဲ့ ဆိတ်နှစ်ကောင် ရှိတယ်။ ကျန်တဲ့ ဆိတ်တွေကိုလွတ်ပြီးထားတယ်။
ခေါင်းမာတဲ့ဆိတ်နှစ်ကောင်ကိုတော့ (၁၀)ပေလောက်ရှည်တဲ့ ကြိုးနဲ့ နှစ်ဖက်မှာ ချည်ထားတယ်။ ချည်တဲ့အခါမှာလည်း
လျော့ကွင်းနဲ့ ချည်ထားတာကြောင့် သူတို့ နှစ်ယောက်ဟာ ဝေးဝေးကို မသွားနိုင်ကြဘူး။ တခြားဆိတ်တွေကတော့
တောထဲမှာ မြက်ခင်းပေါ်မှာ အရွက်နုကလေးတွေကို စိတ်ကြိုက်စားသောက်ခွင့်ရကြတယ်လေ။
ဒီလိုနဲ့ တစ်နေ့မှာ..
ဆိတ်ကျောင်းသားလေးက မြက်တွေရိတ်ပြီး ပြန်လာတယ်။ ခေါင်းမာတဲ့ ဆိတ်နှစ်ကောင်ဟာလည်း ဘာမှ
မစားသေးဘူး။ သနားတဲ့စိတ်ကလေးဖြစ်ပေါ်လာတယ်။ ဒါကြောင့် မြက်တစ်ထုံးကို ဆိတ်တစ်ကောင်ရဲ့ မနီးမဝေးမှာပစ်ချလိုက်တယ်။ နောက်ထပ် မြက်တစ်ထုံးကို ကျန်တဲ့ဆိတ်တစ်ကောင်ရဲ့ မနီးမဝေးမှာ ပစ်ချလိုက်တယ်။
အဲဒီလိုမြက်ထုံးနှစ်ထုံးကို ပစ်ချပြီးတဲ့နောက် မြက်ရိတ်ဖို့ ပြန်ပြီးထွက်သွားပါတော့တယ်။
အဲဒီလိုမြက်ထုံးနှစ်ထုံးကို ပစ်ချပြီးတဲ့နောက် မြက်ရိတ်ဖို့ ပြန်ပြီးထွက်သွားပါတော့တယ်။
ဆိတ်တစ်ကောင်ဟာ သူ့အနီးအနားမြတ်တစ်ထုံး ဘုတ်ကနဲ့ ကျလာတာမြင်ရော အဲဒီမြက်ထုံးဆီကို
အပြေးသွားပါတော့တယ်။ သူကသွားတော့ လျော့ကြိုးကြီးက တင်းလာတော့တာပေါ့။ သူ့စိတ်ထဲမှာ “ငါ့ကို
မစားစေချင်လို့ ဟိုကောင်က ဆောင့်ဆွဲတာဖြစ်မယ်” လို့တွေးပြီး ဒေါသတွေထွက်လာတယ်။ ဒီလိုပဲ ဟိုဘက်ဆိတ်ကလဲ
သူနဲ့ နီးတဲ့မြက်ထုံးဆီကို အရောက်သွားတယ်။ ဆိတ်နှစ်ကောင်စလုံးဟာ ကိုယ်နဲ့နီးတဲ့ မြက်ထုံးဆီကို
ရောက်အောင်သွားကြရင်းနဲ့ ကြိုးကြီးက တင်းသထက်တင်းလာတယ်။ လည်ပင်းဟာလည်း အစ်သထက်အစ်လာတယ်။
လွန်ဆွဲနေသလိုပါပဲ။ နှစ်ကောင်စလုံးမြက်ထုံးဆီကို မရောက်နိုင်ကြဖူး။ နှစ်ကောင်စလုံးရဲ့စိတ်ထဲမှာလည်း
မာနကိုယ်စီနဲ့ပေါ့။ ဒေါသကိုယ်စီနဲ့ပေါ့။ အာဃာတကိုယ်စီနဲ့ပေါ့။ ဆိတ်တစ်ကောင်ကဆွဲ ကျန်တဲ့ဆိတ်တစ်ကောင်က
ပြန်ဆွဲ။ ဒီလိုနဲ့ မြက်မစားရဘဲ လည်ပင်းအစ်လို့ နှစ်ကောင်စလုံး သေပွဲဝင်သွားကြပါတော့တယ်။
မြက်ရိတ်ပြီး ပြန်လာတဲ့ ဆိတ်ကျောင်းသားလေးဟာ သူ့ရဲ့ဆိတ် နှစ်ကောင်သေနေတာကိုတွေ့လိုက်ရတယ်။
လည်ပင်းမှာလည်း လျော့ကြိုးကြီးကတင်းလို့..။ မြက်ထုံးကလည်း အရာတောင်မယွင်းဘူး။ ဒီဆိတ်နှစ်ကောင်ကို
နောက်ဆုံးမှာတော့ အသားပေါ်ပြီး ရွာထဲကို ဆိတ်သားအဖြစ်ရောင်းစားလိုက်ပါတော့တယ်။
တကယ်တော့ ဖြစ်သင့်တာက
ဆိတ်တစ်ကောင်ဟာ ကျန်တဲ့ဆိတ်တစ်ကောင်နဲ့ပူးပေါင်းပြီး မြက်ထုံးတစ်ထုံးကို နှစ်ကောင် အတူစားသင့်တယ်။ အဲဒီ
မြက်ထုံးကုန်သွားပြီဆိုမှ နောက်မြက်ထုံးတစ်ထုံးကို နှစ်ကောင် အတူသွားစားရင် ရတာပဲ။ အခုတော့
ခေါင်းမာလိုက်ကြတဲ့ ဆိတ်နှစ်ကောင်။ မြက်လည်းမစားရ။ သေရှာကြရော။ သူတို့ဟာ ဆိတ်ဆိုတော့
အသိဥာဏ်မရှိကြဘူးလေ။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း မြက်ထုံးနှစ်ထုံးနဲ့ ဆိတ်နှစ်ကောင်လို ဇာတ်လမ်းတွေ အများကြီးရှိပါတယ်။
ခေါင်းမာတဲ့ ဆိတ်နှစ်ကောင်နဲ့တူတဲ့ လူတွေအများကြီးရှိပါတယ်။
တစ်ခါတလေ ကျွန်တော်ကိုယ်တိုင် ဆင်ခြင်တုံတရားကင်းမဲ့တဲ့ ဆိတ်နှစ်ကောင်လိုလူ ဖြစ်နေတတ်ပြန်တယ်။
ဒီအတွက် တစ်ယောက်က တစ်ယောက်ကို အလျှော့မပေး၊ တစ်ယောက်ကတစ်ယောက်ကိုနားမလည်...၊
မာနခြင်းပြိုင်လို့...။
သူနိုင် ငါနိုင် အပြိုင်လုရင်း ဂုဏ်သိက္ခာတွေကျခဲ့ကြရတယ်။ နောင်တတွေကို မျိုချရင်းနဲ့ အသက်တွေကြီးလာတယ်။
ကိုယ်လဲမစားရ သူစားဖို့အတွက်လဲ မကျွေးချင်နဲ့။ ဘ၀ဆိုတာ သေချာတွေးကြည့်ရင် ရှက်စရာကောင်းလိုက်တာ။
ကွဲကွာသွားကြရတဲ့ ကွဲကွာနေကြတဲ့...
မိသားစုတွေ... အိမ်ထောင်စုတွေ...
လင်မယားတွေ... ချစ်သူတွေ...
သူငယ်ချင်းတွေ... မိတ်ဆွေတွေ...
အနာဂတ်ကို ပုံဖော်နိုင်စွမ်းရှိတဲ့သူတွေ...
အများအကျိုးကို သယ်ပိုးနေကြပါတယ်ဆိုတဲ့ ဦးဆောင်သူတွေ...
လူ့အဖွဲ့အစည်းတွေအတွက်...
ဒီမြက်နှစ်ထုံးနဲ့ ဆိတ်နှစ်ကောင်ရဲ့ ဖြစ်ရပ်ကလေးကို ကြည့်ပြီး.....
No comments:
Post a Comment