Sunday, September 25, 2011

ငရုတ်သီး

ငရုတ်သီးစပ်တိုင်း ကျွန်တော့်ကို မြန်မာစာသင်ပေးခဲ့တဲ့ ဒေါ်ခင်မာမြင့်ကိုသတိရတယ်။  (၁၀) တန်းကျောင်းသားဘ၀တုန်းက လူငယ်ပီပီ ကျောင်းပြေးဖူးတယ်။ ဘော်လုံးချိန်းကန်ပြီး ရန်ဖြစ်ဖူးတယ်။ လက်ဖက်ရည်ဆိုင်ထိုင်မှာ လေကန်ဖူးတယ်။ ရည်းစားထားဖူးတယ်။ ဆရာတွေရဲ့အရိုက်ခံခဲ့ရဖူးတယ်။
 နားပူလောက်အောင် ဆရာတွေရဲ့ ဆုံးမစကားကို နာခံခဲ့ဖူးတယ်။ နားထဲက လျှံထွက်သွားတဲ့ ဆုံးမစကားတွေလည်း အများကြီးပဲ။ နားထဲကတဆင့် နှလုံးသားထဲအထိ စွဲမက်နေတဲ့ ဆုံးမမှုတွေလည်းရှိဆဲပါ။

ငရုတ်သီးစားတိုင်း၊ငရုတ်သီးစပ်တိုင်း ကျွန်တော့်ရဲ့ ငယ်ဆရာမကို ဘာကြောင့် သတိရသလဲဆိုတာ ပြေပြပါရစေ။
 Seven Nights in Japan ဆိုတဲ့ ရုပ်ရှင်ကားက အလွန်ကောင်းတယ်။ ဒီတော့ ကျောင်းပြေးပြီး ရုပ်ရှင်ခိုးကြည့်ကြတယ်။
 အဲဒီအချိန်တုန်းက နိုင်ငံခြားရှပ်ရှင်အကောင်းတွေ အများကြီးဝင်တယ်။ Romeo and Julit ရဲ့ အချစ်ဇာတ်လမ်းကို
 ကြည့်ပြီး အရူးထတဲ့အရွယ်ပေါ့။ On the road ဆိုတဲ့ ဂျပန်အချစ်ဇာတ်လမ်း ရုပ်ရှင်ကားကိုကြည့်ပြီး ခရီးသွားရင်း
 ရည်းစားထားချင်တဲ့ စိတ်တွေ အရမ်းပေါ်ပေါက်ခဲ့ဖူးတယ်။
Seven Nights in Japan ရုပ်ရှင်ကို ကြည့်ပြီး နောက်တစ်နေ့ ကျောင်းအသွားမှာ ကျောင်းပြေးတဲ့ ကိစ္စနဲ့
 အတန်းပိုင်ဆရာမဖြစ်တဲ့ မြန်မာစာသင်တဲ့ ဆရာမ ဒေါ်ခင်မာမြင့်က ကျွန်တော်တို့ကို ဆူပါတယ်။ ကျွန်တော်တို့ဆိုတာ
 သူငယ်ချင်း (၃) ယောက်ပါ။ တစ်ယောက်က အခု တပ်မတော်ထဲမှာ အရာရှိကြီးဖြစ်နေပြီ။ တစ်ယောက်ကတော့
 အထူးကုဆရာဝန်ကြီး ဖြစ်နေပြီ။
“နင်တို့ကို ငါမရိုက်ချင်ဘူး။ ရိုက်လိုက်ရင် အရိုက်ခံရလို့ မင်းတို့လုပ်ထားတဲ့ အပြစ်တွေကျေသွားပြီထင်မှာ။
 ရိုက်တယ်ဆိုတာ လွယ်တယ်။ ပြီးတော့ ရိုက်တယ်ဆိုတာ မိဘတိုင်း၊ ဆရာတိုင်း လုပ်တတ်တဲ့အလုပ်။ ငါနင်တို့ကို
 မရိုက်ဘူး။ ဒါပေမယ့် အစားထိုးပြီးတော့ အပြစ်ပေးမယ်။” ဆရာမ ပေးမယ့် အပြစ်ကို တွေးပြီး ကျွန်တော်တို့
 ကြောက်နေတယ်။
“ဟိုကောင် မောင်ဘုန်း နင် ကျောင်းစိုက်ခင်းထဲက မိုးမျှော်ငရုတ်သီး (၁၅)တောင့် သွားခူးစမ်း.. အတောင့်ကြီးကြီး၊
အရွယ်ကြီးကြီး အသီးရင့်ရင့် ခူးခဲ့..”
ကျွန်တော်လည်း ကြောက်အားလန့်အားနဲ့ ကျောင်းစိုက်ခင်းဆီကို ပြေးလာခဲ့တယ်။ ကျွန်တော်တို့ကျောင်းရဲ့
စိုက်ခင်းထဲမှာ စားပင်တွေ၊ သီးပင်တွေရှိတယ်။ ကျွန်တော် ငရုတ်သီးရင့်ရင့် (၁၅)တောင့်ကို ခူးပြီး ပြန်လာခဲ့တယ်။
“တစ်ယောက်ကို (၅)ထောင့်ပေးလိုက်..”
ကျွန်တော်လည်း သူငယ်ချင်း (၂)ယောက်ကို ဝေလိုက်တယ်။
“အတန်းရှေ့ထွက်ခဲ့ကြ.. အဲဒီ ငရုတ်သီး (၅)ထောင့်ကို ၀ါးစား..
ရေမသောက်ရဖူး..ထွေးမပစ်ရဖူး..မျိုချရမယ်..၀ါးမစားပဲနဲ့ မျိုမချရဘူး”
ဆရာမကို ချစ်လည်းချစ်တယ်။ ကြောက်လဲကြောက်တယ်။ ဘာကြောင့် ဒီလို အပြစ်ပေးနေမှန်းလည်း
မစဉ်းစားတတ်ဘူး။ ဆရာမက ၀ါးခိုင်းတော့ ကြိတ်မှိတ်ပြီး ၀ါးကြရတာပေါ့။ စပ်လိုက်တာ။ လျှာတွေကို ထူသွားတာပဲ။
ပြီးတော့မျိုချရတယ်။ တစ်တန်းလုံးကလည်း ကျွန်တော်တို့ အမူအရာကို ကြည့်ပြီး တ၀ါးဝါးနဲ့ ရယ်နေကြတယ်။
သူတို့ကတော့ ရယ်နိုင်မှာပေါ့။ ကျွန်တော်တို့ မှာဖြင့် စပ်လိုက်တာ။
“ကဲ...ငါမေးမယ်..ဖြေကြစမ်း..”
တစ်တန်းလုံးငြိမ်သွားတယ်။
“ငရုတ်သီးက စပ်သလား”
ကျွန်တော့်စိတ်ထဲမှာ ငရုတ်သီးက စပ်သလားလို့ မေးမှ မေးရက်ပါ့ဆိုပြီး ခံစားနေမိတယ်။ ငရုတ်သီးပဲဗျာ။ စပ်မှာပေါ့။
လူတိုင်းသိတာပဲ။ ဒါကို ရေးကြီးခွင်ကျယ်လုပ်ပြီး မေးရက်လိုက်တာလို့ ရင်ထဲမှာ ပြောနေမိတယ်။ တစ်တန်းလုံးကလည်း
ဆရာမ မေးတဲ့မေးခွန်းကို အလိုက်သင့် လိုက်ပြီး ဖြေကြတယ်။
“စပ်ပါတယ်..ဆရာမ”
“ ငရုတ်သီးဆိုတာ စပ်ရတယ်။ မစပ်တဲ့ ငရုတ်သီးဟာ ငရုတ်သီးလောကကို ဖျက်ဆီးတဲ့ ငရုတ်သီးပဲ။
ငရုတ်သီးရဲ့တာဝန်ဟာ စပ်ရတယ်။ ငရုတ်သီးတစ်ထောင့် စပ်တယ်ဆိုတာ ငရုတ်သီးရဲ့ အပြည့်ဝဆုံး ဂုဏ်သတ္တိပဲ။
သိပ်မစပ်တဲ့ ငရုတ်သီးဟာ ငရုတ်သီးဂုဏ်သိက္ခာမရှိဘူး”
ဆရာမဘာတွေပြောနေတာပါလိမ့်။ စပ်လိုက်တာ။ ရိုက်လိုက်ရင် ပြီးတာပဲ။ ငရုတ်သီးပဲ စပ်မှာပေါ့။ ဘာဖြစ်လဲ။
တော်တော်လျှာရှည်တဲ့ ဆရာမပဲ။ ကျွန်တော့်စိတ်ထဲမှာ ဆရာမကို ပြန်ပြောနေမိတယ်။
“ဒီလိုပဲ... သကြားဆိုတာ ချိုရတယ်။ မချိုတဲ့ သကြားဟာ သကြားလောကကို ဖျက်ဆီးတာပဲ။ ဂုဏ်သိက္ခာမရှိတဲ့
သကြားပဲ။ ဆားဆိုရင် ငန်ရတယ်။ မငန်တဲ့ဆားဟာ ဆားလောကမှာ တန်ဖိုးမရှိတဲ့ ဆားပဲ။ ကြားကြလား..”
“ကြားပါတယ်...ဆရာမ”
“ဒီလိုပဲ ကျောင်းသားဆိုတာ စာကြိုးစားရမယ်။ စည်းကမ်းလိုက်နာရမယ်။ ရိုးသားရမယ်။ အခုဒီ (၃)ယောက်ဟာ မစပ်တဲ့
ငရုတ်သီး၊ မချိုတဲ့သကြား၊ မငန်တဲ့ဆားတွေလိုပဲ။ တန်ဖိုးမရှိတဲ့အကောင်တွေ။ ကျောင်းသားလောကကို ဖျက်ဆီးတဲ့
အကောင်တွေ”
စိတ်ထဲမှာ “ရှိန်းကနဲ”ဖြစ်သွားပါတယ်။
မစပ်တဲ့ ငရုတ်သီးလို့ ပြောပြီး ကျွန်တော့်ကို ဆရာမက လက်ညှိုးထိုးတယ်။ ကျန်တဲ့ (၂)ကောင်ကိုတော့ မချိုတဲ့သကြား၊
မငန်တဲ့ဆားတွေဆိုပြီး လက်ညှိုးထိုးတယ်။ ကျွန်တော်တို့ဟာ တန်ဖိုးမရှိတဲ့အကောင်တွေလို့ အပြောခံရတယ်။
“စဉ်းစားကြည့်ကြစမ်း... သက်မဲ့ဖြစ်တဲ့ ငရုတ်သီးဟာ သူ့သိက္ခာနဲ့သူနေသလို၊ သူ့တာဝန် သူကျေသလို၊ ငါတို့ဟာလည်း
တာဝန်ကျေရမယ်။ သိက္ခာရှိရမယ်။ ငါဟာ မင်းတို့ဆရာမ။ ဆရာမတာဝန်ကျေချင်တယ်။ ဒါကြောင့် ဆုံးမတာ”
ဆရာမ စကားအဓိပ္ပာယ်ကို ကျွန်တော် နားလည်လိုက်ပါပြီ။
“မင်းတို့ဟာ နောင်တစ်ချိန်မှာ မစပ်တဲ့ ငရုတ်သီးတွေ ဖြစ်လာမှာကို ဆရာမ မလိုလားဘူး။ ဘယ်ကျောင်းသားဖြစ်ဖြစ်၊
ဘယ်ဆရာ ဆရာမဖြစ်ဖြစ်၊ ဘယ်မိဘဖြစ်ဖြစ်၊ ဘယ်လူကြီးပဲဖြစ်ဖြစ် မစပ်တဲ့ ငရုတ်သီး၊ မချိုတဲ့သကြားဖြစ်ခဲ့ရင်
လောကကြီးပျက်စီးသွားနိုင်တယ်။ ကိုယ့်တာဝန်ကို  ကိုယ်ကျေရမယ်။ ကိုယ့်အလုပ် ကိုယ်လုပ်ရတယ်။ သူများအလုပ်ထဲ
ဝင်မရှုပ်ရဖူး။ ကိုယ့်တာဝန် ကိုယ်ကျေပွန်တယ်ဆိုတာ တန်ဖိုးရှိခြင်းရဲ့ သင်္ကေတပဲ။ ငရုတ်သီးဟာ ချိုလို့မရဘူး။
သကြားဟာစပ်လို့မရဖူး။ သူ့တန်ဖိုးနဲ့သူ ရှိဖို့လိုတယ်။ သူ့သိက္ခာနဲ့ သူပြည့်ဝနေဖို့လိုတယ်။ ဟိုကောင် (၃)ကောင်သွားပြီး
ရေသောက်။ နောက်တစ်ခါ ကျောင်းပြေးရင် တစ်ယောက်ကို ငရုတ်သီး(၁၀)တောင့် ၀ါးစားရမယ်။ ကြားလား...”
ကျွန်တော့်ဆရာမ ၁၉၉၆ ခုနှစ်မှာ ဆုံးပါးသွားခဲ့ပါပြီ။ လူ့လောကမှာ မရှိတော့ပါဘူး။ ဒါပေမဲ့ ဆရာမ ဆုံးမခဲ့တာတွေ
ကျွန်တော့်ရင်ထဲမှာ ရှိနေဆဲပါ။
ကျွန်တော် မစပ်တဲ့ ငရုတ်သီး မဖြစ်ချင်ဘူး။ ချိုတဲ့ ငရုတ်သီးလည်း မဖြစ်ချင်ဘူး။ ကျွန်တော့် ပတ်ဝန်းကျင်မှာ
ကိုယ်ယူထားတဲ့ တာဝန်ကို မကျေပဲ ငရုတ်သီးဖြစ်ပါလျက်နဲ့ မစပ်တဲ့ငရုတ်သီးတွေ၊ ငရုတ်သီးဖြစ်ပါလျက်နဲ့ ချိုနေတဲ့
ငရုတ်သီးတွေ၊ ငရုတ်သီးဖြစ်ပါလျက်နဲ့ ပိုးထိုးခံနေရတဲ့ ငရုတ်သီးတွေ တွေ့နေရတယ်။
ကျွန်တော် ကိုယ်တိုင်လည်း....။

ဦးဘုန်း၊ ဓာတု၊ မန္တလေး

No comments:

Post a Comment