Sunday, September 25, 2011

မီးဖိုဘေးက လူတွေ

ကျွန်တော့် အဘွားလည်းဆုံးရော ကျွန်တော့်အမေတို့ မောင်နှမတွေ စိတ်ဝမ်းတွေ ကွဲကုန်ကြတော့တယ်။
တစ်သက်လုံး လူမသိအောင် သိမ်းထားတဲ့ အမုန်းတရားတွေ၊ အာဃာတတွေ၊ မာနတွေ၊ အတ္တတွေ လောင်မြိုက်ပြီး အသက်ကြီးမှ တစ်ယောက်ကိုတစ်ယောက် မခေါ်နိုင် မပြောနိုင် ဖြစ်ကုန်ကြတော့တယ်။ အဘွားပိုင်ခဲ့တဲ့ မန္တလေးမြို့ရဲ့ ပုလဲ ငွေရောင် အရပ်က မြေနဲ့ အိမ်ကို လဲ ဈေးပေါပေါနဲ့ ရောင်းပစ်လိုက်ကြတယ်။ အမွေမြန်မြန်ရဖို့လိုတယ်လေ။ ဒီဖြစ်ရပ်ကို ကြည့်ပြီး ကျွန်တော်ဖတ်ဖူးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြောပြချင်လာတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အာဃာတကြောင့် မျှော်လင့်မထားတဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့ရတတ်တယ်။ ကျွန်တော်တို့ မိသားစုထဲမှာတင် မဟုတ်ပါ။ ကျွန်တော်တို့လို မိသားစုတွေအတွက် စဉ်းစားစရာကောင်းတဲ့ တွေးယူရင် တွေးယူနိုင်သလောက် အတွေးအားပါတဲ့ ဇာတ်လမ်းလေးပါ။
တစ်ခါက..
တစ်နှစ်မှာ (၁၀)လလောက် ရေခဲနေတဲ့ ဒေသက တောမကျ၊ မြို့မကျ ရွာလေးတစ်ရွာမှာပေါ့။
ဆောင်းတွင်းရောက်လာတယ်။ နှင်းတွေကလည်း ကျလိုက်တာ။ ရေခဲမှတ် အောက်ကို အနုတ်(၁၀)ဒီဂရီလောက်အထိ ရောက်နေပြီ။ ဒီဒေသဟာ သုံးနှစ်ကိုတစ်ကြိမ်လောက် နှင်းမုန်တိုင်းတွေ တိုက်ခိုက်တတ်တယ်။ နှင်းမုန်တိုင်းတွေကျပြီဆိုရင် ရေခဲတောင်တွေပြိုတယ်။ အိုးအိမ်တွေပျက်စီးတယ်။ ဒါကြောင့် ဒီဒေသက လူတွေဟာ နှင်းမုန်တိုင်းကျပြီဆိုရင် သူတို့ ၀တ်နေကျ လောင်းကုတ်အင်္ကျီအရှည်ကြီးကို ၀တ်တယ်။ အဲဒီအင်္ကျီအရှည်ကြီးထဲမှာ ထင်းရှုးဆီ အခဲတစ်ခုရယ်၊ မီးခြစ်တစ်လုံးရယ်၊ ထင်းသုံးလေးငါးချောင်းရယ်၊ အသားခြောက် (၅၀)သားလောက်ရယ်ထည့်ပြီး နီးစပ်ရာ တောထဲဂူထဲမှာ နှင်းမုန်တိုင်း ခိုကြရတယ်။ နှင်းမုန်တိုင်းကလည်း တစ်ရက်နှစ်ရက်လောက်သာ တိုက်ခတ်တတ်တယ်။
ဒီလိုနဲ့
ဆောင်းညတစ်ညမှာ နှင်းမုန်တိုင်းတွေ ရုတ်ခြည်းဆိုသလို ကျလာပါတော့တယ်။ အဲဒီရွာကလေးထဲက လူတွေဟာ ကျောက်ဂူတွေရှိရာဆီကို ပြေးကြတယ်။ မုန်တိုင်းခိုကြတယ်။
လူ(၆)ယောက်ဟာ မှောင်မည်းနေတဲ့ ကျောက်ဂူကြီးတစ်ခုတည်းကို ရောက်သွားကြတယ်။ လူတစ်ယောက်ဟာ ကိုယ့်ဆီမှာပါတဲ့ မီးခြစ်နဲ့ ထင်းရှုးဆီကို သုံးပြီး မီးဖိုလိုက်တယ်။ အသားခြောက်ကင်လိုက်တယ်။ မီးဖိုဘေးမှာအသားခြောက်ကိုစားပြီး လောင်းကုတ်ကြီးကို ခေါင်းမှာခြုံလို့ အိပ်ငိုက်နေပါတော့တယ်။ အဲဒီလူဖိုထားတဲ့ မီးပုံကိုလည်မြင်ရော ကျန်တဲ့လူတွေဟာ မီးရောင်ရှိရာကို ရောက်လာတယ်။ ထင်းတွေထည့်လိုက်တယ်။ အသားခြောက်ကိုကင်တယ်။ စားကြတယ်။ ပြီးတော့ မီးဖိုဘေးမှာ အိပ်ငိုက်နေကြတယ်။
နှင်းမုန်တိုင်းဒဏ်ကို လွတ်အောင်ပြေးလာကြတယ်ဆိုတော့ တစ်ယောက်ကို တစ်ယောက် မကြည့်အားကြဘူး။ မောမောပန်းပန်းနဲ့ မီးဖိုထဲကို ထင်းတစ်ချောင်းစီထည့်ပြီး နှင်းမုန်တိုင်းအစဲကို စောင့်နေကြတယ်။
ဆောင်းကလည်း အေးလိုက်တာ။ အရိုးကွဲမတတ်ပဲ။ အပြင်မှာလည်း မုန်တိုင်းသံတွေက ဆူညံလို့။ ထင်းထည့်ထားတဲ့ မီးဖိုဟာ တဖြည်းဖြည်းနဲ့ မီးအားနည်းလာတယ်။ မီးညွန့်ကလေးဟာ တုန်တုန်ယင်ယင်နဲ့ အားပျော့သွားတယ်။ မီးဖိုထဲကို ထင်းထပ်ထည့်ဖို့လိုလာပြီ။
သိပ်အေးတော့ လူတစ်ယောက်ကနှိုးလာတယ်။ လောင်းကုတ်အင်္ကျီအရှည်ကြီးထဲကို နှိုက်လိုက်တယ်။ ထင်းတစ်ချောင်းထည့်မယ်ပေါ့။ အဲဒီအချိန် မျက်နှာချင်းဆိုင် လူတစ်ယောက်ကလည်း သူ့လိုပဲ သိပ်အေးတော့ နိုးလာတာပေါ့။
မီးဖိုရဲ့ မီးရောင်ပျပျအောက်မှာ တစ်ယောက်မျက်နှာကိုတစ်ယောက်မြင်လိုက်ရတယ်။
တစ်ယောက်က သူတို့ရွာမှာ လူတိုင်းကို ငွေတိုးချေးစားနေတဲ့ စီးပွားရေးသမား ပိုက်ဆံရှိသူဌေး။ တစ်ယောက်က သူ့ထံမှာမြေပေါင်၊ အိမ်ပေါင်ပြီး၊ မြေဆုံးအိမ်ဆုံးထားတဲ့လူ။ ငွေမရှိတဲ့ သူဆင်းရဲသား၊ ငွေတိုးချေးစားတဲ့ စီးပွားရေးသမားက စိတ်ထဲမှာ ဒီလိုတွေးလိုက်တယ်။ “ ဟင်း ဒီဆင်းရဲသားအစုတ်ပလုပ်နဲ့ ဒီမီးဖိုမှာအတူလာပြီး နေရတယ်လို့ကွာ။ တောက်...ငါ့နှယ်။ ဒီကောင့်မျက်နှာ ကြည့်ရတာ ကျက်သရေ ယုတ်လိုက်တာ။ တော်ပြီ။ ငါထဲက ထင်းကို မီးဖိုထဲမထည့်တော့ဘူး။ ငါထင်းထည့်ရင် ဒီကောင် နွေးထွေးသွားမှာ။ တော်ပြီ ထင်းမထည့်တော့ဘူး။ အဲဒီလိုလည်း ဆုံးဖြတ်ပြီးရော မီးဖိုကိုကျောဘေးလိုက်တယ်။ ပြီးတော့ ဆက်ပြီး အိပ်ငိုက်နေလိုက်တယ်။ မြေဆုံးအိမ်ဆုံးထားတဲ့လူကလည်း  စိတ်ထဲမှာ ဒီလိုပြောနေတယ်။ “ ဒီလို အမြတ်ကြီးစား အတ္တသမားနဲ့ မီးတစ်ဖို ထဲမှာ အတူတူလာပြီး မီးလှုံရတာ ငါ့နှယ်ကံဆိုးလိုက်တာ။ ငါတို့ ဘိုးဘွားတွေ ပိုင်ခဲ့တဲ့ မြေနဲ့ အိမ်ကို အတိုးတွေ မတရားယူပြီး သိမ်းထားတဲ့ အကောင်။ ငါဒီမီးဖိုထဲ ထင်းတည့်လိုက်ရင်။ တော်ပြီ ငါ့အိတ်ထဲက ထင်းကို မီးဖိုထဲမထည့်တော့ဘူး” လို့တွေးပြီး မီးဖိုကို ကျောပေးနေလိုက်တယ်။
ဒီလိုနဲ့ နောက်ထပ်လူတစ်ယောက် နှိုးလာပြန်တယ်။ ဆောင်းကတအားအေးတာကိုး။ ထင်းထည့်မယ်အလုပ်။ သူ့မျက်နှာချင်းဆိုင်ကလူ လည်း သူ့လိုပဲ နှိုးလာတယ်။ တစ်ယောက်က အလုပ်ရှင်။ တစ်ယောက်ကအလုပ်သမား။
အလုပ်ရှင်ကတွေးတယ်။ “အလကား အလုပ်မလုပ်ဘဲ ငွေကို အလကားလိုချင်နေတဲ့အကောင်နဲ့မှ မီးတစ်ဖိုထဲမှာ အတူတူရှိနေရတယ်လို့ကွာ”
အလုပ်သမားကလည်းတွေးတယ်။“ငါ့တို့လုပ်အားတွေကို ခေါင်းပုံဖြတ်ပြီး ကြီးပွားနေတဲ့ အကောင်နဲ့ ဒီနေရာမှာ လာပြီးဆုံရတယ်လို့။ တော်ပြီ ငါ့အိတ်ထဲကထင်းကို မီးဖိုထဲ မထည့်တော့ဘူး။” နှစ်ယောက်စလုံးဟာ မီးဖိုကို ကျောပေးလိုက်ကြတယ်။ ဆက်ပြီး အိပ်ငိုက်နေတော့တယ်။
မီးဖိုထဲမှာ မီးကနည်းတစ်ထက်နည်းလာပြီ။ အပြင်မှာ နှင်းမုန်တိုင်းက တ၀ုန်းဝုန်းနဲ့။ အေးလိုက်တာ လွန်ရော။ အဲဒီအချိန်မှာ ကျန်တဲ့လူနှစ်ယောက် နိုးလာတယ်။ ထင်းထည့်မယ်လို့ လုပ်တယ်။ မီးရောင် မှိန်မှိန်အောက်မှာ တစ်ယောက်မျက်နှာကို တစ်ယောက် မြင်လိုက်ရတယ်။ နှစ်ယောက်စလုံးရဲ့ စိတ်ထဲမှာ ဒီလိုတွေးမိကြတယ်။ “ငါ့နှယ်နော် ဒီလို ဘာသာမတူတဲ့ မိစ္ဆာဒိဋ္ဌိအယူရှိတဲ့ သူနဲ့မှ မျက်နှာချင်းဆိုင် လာတွေ့ရတယ်လို့” သူတို့နှစ်ယောက်ဟာ ကိုးကွယ်ယုံကြည်မှု ချင်းမတူကြဘူး။ ကိုယ့်အိတ်ထဲမှာပါလာတဲ့ ထင်းတွေကို ပြန်ပြီး သိမ်းလိုက်ကြတယ်။ မီးဖိုကို ကျောပေးလိုက်ကြတယ်။
နောက်တစ်နေ့မနက်မှာ ကယ်ဆယ်ရေးအဖွဲ့တွေ ဒီဂူထဲကို ရောက်လာတယ်။ မီးမရှိတော့တဲ့ ပြာပုံဘေးမှာ အေးခဲပြီး သေဆုံးနေတဲ့ အလောင်း (၆)လောင်းကို သူတို့တွေ့ရတယ်။ သူတို့အလောင်းကို စစ်ဆေးကြည့်လိုက်တော့ လောင်းကုတ်အင်္ကျီထဲမှာ ထင်းကိုယ်စီနဲ့၊ မီးခြစ်ကိုယ်စီနဲ့၊ ထင်းရှုးဆီကိုယ်စီနဲ့၊ စားစရာကိုယ်စီနဲ့ပေါ့။
“ထင်းတွေ၊ မီးခြစ်တွေ၊ စားစရာတွေ၊ ထင်းရူးဆီကိုယ်စီနဲ့ ဘာကြောင့်များ အအေးမိပြီး သေဆုံးသွားကြရတာလဲနော်”လို့ တွေးတောရင်း အလောင်း (၆)လောင်းကို သယ်သွားကြပါတော့တယ်။
ဒီဖြစ်ရပ်ထဲက လူ(၆)ယောက်ဟာ ကျွန်တော်တို့မိသားစုပါ။ နောက်ဆုံးတော့ အားလုံးဆုံးရှုံးကြရတာပါပဲ။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း မီးဖိုဘေးက လူတွေ လို အာဃာတ အဆိပ်ကိုသောက်ပြီး သေဖို့ ကြိုးစားနေတဲ့လူတွေအများကြီးပါပဲ။ တခါတလေ ကျွန်တော်လည်းပါတယ်။
မီးဖိုဘေးက လူတွေလို မင်းဘယ်သူလဲ၊ ငါဘယ်သူလဲ၊ မင်းဘာလဲ၊ ငါဘာလဲ ဆိုတဲ့ အတ္တစိတ်တွေ အတတ်နိုင်ဆုံး ပယ်နိုင်ကြရင် သိပ်ကောင်းမှာပဲဗျာ။

ဦးဘုန်း၊ ဓာတု
မန္တလေးနေ့စဉ်သတင်းစာ
၂၀၁၀၊ ဖေဖော်ဝါရီလ

 

No comments:

Post a Comment